ရင်သွေးလေးကို မိခင်နို့ချို တိုက်ကျွေးပါလို့ ဘာကြောင့် ပြောကြတာလဲ
ရင်သွေးလေးကို မိခင်နို့ တိုက်ကျွေးတာက အကောင်းဆုံး အာဟာရ ဖြည့်တင်းမှုပါ။ ကလေးလေးတွေအတွက် မိခင်နို့က အာဟာရ အပြည့်ဆုံးပါ။ ငယ်စဉ်မှာ မိခင်နို့ ပြည့်ပြည့်ဝဝ သောက်ရတဲ့ ကလေးတွေက ကိုယ်ခံအား ကောင်းကြသလို ဉာဏ်ရည်ဉာဏ်သွေးလည်း ထက်မြက်ကြပါတယ်။
ကလေးလေးကို မွေးကင်းစကနေ ၆ လအထိ မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးပေးပါ။ ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါ။
ကလေးလေးတွေအတွက် ဘေးကင်းစိတ်ချရဆုံး အာဟာအရင်းအမြစ်တစ်ခု = မိခင်နို့
မိခင်နို့ဆိုတာက ကလေးလေးတွေအတွက် အသင့်တော်ဆုံးနဲ့ အာဟာရပြည့်ပြည့်ဝဝ ပါဝင်အောင် ဖန်တီးပေးထားတဲ့ သဘာဝရဲ့ အာဟာရ လက်ဆောင်ပါ။
မိခင်နို့ထဲမှာ ကလေးကို ပြင်ပက ရောဂါပိုးတွေ ကူးစက်ဝင်ရောက်မှု မရှိအောင် ကာကွယ်ပေးပြီး ကိုယ်ခံအားကို အားဖြည့်ပေးတဲ့ ပဋိပစ္စည်းတွေ အများအပြား ပါဝင်နေပါတယ်။ ကမ္ဘာဦးစကတည်းက တိုက်ကျွေးလာတဲ့ သံသယ ဖြစ်ဖွယ်မရှိတဲ့ ကလေးတွေအတွက် အသင့်တော်ဆုံး အာဟာရ တစ်ရပ်ပါ။
ရင်သွေးလေးကို မိခင်နို့ချို တိုက်ကျွေးပါလို့ ပြောကြတာလဲ
ရင်သွေးလေးကို မိခင်နို့ချို တိုက်ကျွေးပါလို့ ပြောရတာက မိခင်နို့က ကလေးလေးကို အခုလို ကျန်းမာရေ ပြဿနာတွေ ကင်းစေတာကြောင့်ပါ။
မိခင်နို့ ပြည့်ပြည့်ဝဝ သောက်ခွင့်ရတဲ့ ကလေးလေးတွေမှာ -
- နားပိုးဝင်ကူးစက်တာ
- ဆီးလမ်းကြောင်းပိုးဝင်တာ
- ပြင်ပကရောဂါပိုးတွေ ကူးစက်ဝင်ရောက်တာ
- အသက်ရှုလမ်းကြောင်းပိုးဝင်ကူးစက်တာ
- ဝမ်းလျှောတာ
- အစာခြေစနစ်ပြဿနာ
- ကလေးငယ် ရုတ်တရက်သေဆုံးနိုင်ခြေတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။
ဒါတင်လားဆိုတာကတော့ မဟုတ်ပါဘူး။ မိခင်နို့ ပြည့်ပြည့်ဝဝ သောက်ခွင့်ရတဲ့ ကလေးလေးတွေက ဉာဏ်ရည် ထက်မြက်ကြသလို
- အဝလွန်တာ
- အမျိုးအစား-၁ ဆီးချို
- အမျိုးအစား-၂ ဆီးချို
- သွေးတိုး
- နှလုံးရောဂါ
- သွေးတွင်းကိုလက်စထရော များတာ
- ကင်ဆာလိုမျိုး ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေ နည်းပါတယ်။
မိခင်နို့က ကလေးလေးတို့အတွက် အကောင်းဆုံး ဖြစ်နေရတဲ့ အကြောင်းအရင်း
မိခင်နို့က ပရိုတင်း၊ အဆီဓာတ်၊ ဗီတာမင် နဲ့ ကာဗိုဟိုက်ဒရိတ်တွေကို အပိုအလိုမရှိ ပြီးပြည့်စုံအောင် ရောစပ်ထားတဲ့ ကလေးငယ်တွေအတွက် အကောင်းဆုံးသော အာဟာရ အရင်းအမြစ်ပါ။ ကလေးတွေကို မိခင်နို့ထက် ကျန်းမာစေနိုင်တဲ့ အရာ မရှိပါဘူး။
မိခင်နို့ထဲမှာ ကူးစက်ရောဂါတွေကို တိုက်ဖျက်ပေးနိုင်တဲ့ Leukocytes လို့ခေါ်တဲ့ သက်ရှိဆဲလ်တွေ ပါဝင်နေပါတယ်။ antibodiesတွေ၊ သက်ရှိဆဲလ်တွေ၊ အင်ဇိုင်းတွေ၊ ဟော်မုန်းတွေ ပါဝင်နေတာက မိခင်နို့ကို အကောင်းဆုံး အာဟာရ အရင်းအမြစ် ဖြစ်စေရတဲ့ အကြောင်းအရင်းပါ။ မိခင်နို့ ပြည့်ပြည့်ဝဝ တိုက်ကျွေးတာက ကလေးလေးတွေကို ကျန်းမထက်မြက်စွာ ကြီးပြင်းလာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။
မိခင်နို့မှာ ဘယ်အရာတွေ ပါဝင်နေသလဲ
မိခင်နို့မှာ
ရေဓာတ်
မိခင်နို့မှာ ရေဓာတ် ၉၀ ရာခိုင်နှုန်း နီးပါးပါပါတယ်။ ဒီရေဓာတ်ထဲမှာ အာဟာရတွေကပါ ရောစပ်ပါဝင်နေတာပါ။ သာမန်ရေလို အာဟာရ မပါတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့်လည်း မိခင်နို့တစ်မျိုးတည်း သောက်သုံးရမယ့် မွေးစကနေ အသက် ၆ လ အထိကို ရေမတိုက်ပါနဲ့ ပြောတာပေါ့။ ရေဓာတ်ကို မိခင်နို့ကနေ ပြည့်ပြည့်ဝဝ ရရှိနေတယ်လေ။
ကာဗိုဟိုက်ဒရိတ်
လူသားတွေ ရှင်သန်ဖို့အတွက် စွမ်းအင် လိုအပ်ပါတယ်။ ထမင်းစားလို့ ရတဲ့ အရွယ် ကလေးတွေ၊ လူကြီးတွေက ထမင်းကနေ ကာဗိုဟိုက်ဒရိတ်ကို ရရှိပါတယ်။ ကလေးတွေကတော့ မေမေ့နို့ကနေ ကာဗိုဟိုက်ဒရိတ်ကို ရယူပါတယ်။ မေမေ့နို့ကနေ ဘယ်လို ကာဗိုဟိုက်ဒရိတ် ရလဲဆိုတော့ လက်တို့စ်ကနေ ရတာပါ။ နွားနို့မှာပါတဲ့ လက်တို့စ် ပမာဏထက် ပိုတဲ့ ပမာဏကို မေမေ့နို့ကနေ ရရှိပါတယ်။ လက်တို့စ်က ကလေးကိုယ်ခန္ဓာ ကြီးထွားဖို့ရော ဦးနှောက်ဖွံ့ဖြိုးဖို့ရော ကူညီပေးပါတယ်။
နောက်ပြီး မေမေ့နို့ထဲမှာ အစာခြေစနစ် ကျန်းမာစေဖို့ လုပ်ဆောင်ပေးနေတဲ့ probiotics လို့ခေါ်တဲ့ အကျိုးပြု ဘက်တီးရီးယားလေးတွေရဲ့ မှီဝဲစရာ အာဟာရ ဖြစ်တဲ့ oligosaccharides ပါဝင်နေပါတယ်။ oligosaccharides က အကျိုးပြု ဘက်တီးရီးယား အာဟာရလို့ခေါ်တဲ့ prebiotics တစ်မျိုးပါ။ အကျိုးပြု ဘက်တီးရီးယားလေးတွေက အာဟာရ ပြည့်ပြည့်ဝဝရဗတော့ လုပ်ငန်းတွေကိုလည်း ကောင်းကောင်း လုပ်ဆောင်နိုင်တာပေါ့။ ဒါကြောင့်လည်း မိခင်နို့သောက်တဲ့ ကလေးတွေက အစာခြေစနစ် ကျန်းမာပြီး ဝမ်းပျက်ဝမ်းလျှောအဖြစ် နည်းတာပါ။
အဆီဓာတ်
မေမေ့နို့ချိုမှာ အဆီဓာတ်က ၄ ရာခိုင်နှုန်းလောက် ပါဝင်ဖွဲ့စည်းထားတာပါ။ ကလေးလေးရဲ့ ဦးနှောက်နဲ့ အမြင်အာရုံ ဖွံ့ဖြိုးဖို့ နဲ့ အသက်အရွယ်အလိုက် ရှိသင့်တဲ့ ကိုယ်အလေးချိန်ရဖို့ အဆီဓာတ်က ထောက်ကူပေးပါတယ်။
ပရိုတင်း
မိခင်နို့မှာပါတဲ့ ပရိုတင်းက အသားတွေ၊ ငါးတွေကနေရတဲ့ ပရိုတင်းထက် ပိုများပါတယ်။ ကလေးရဲ့ ကိုယ်ခံအား ကောင်းဖို့၊ အရိုးနဲ့ သွားတွေ ကြံ့ခိုင်သန်စွမ်းစေဖို့ ထောက်ကူပေးပါတယ်။ နောက်ထပ် ပရိုတင်း တစ်မျိုးပါပါသေးတယ်။ ဒါကတော့ သားသားမီးမီးလေးတို့ရဲ့ ဗိုက်ဗိုက်လေးကို ကျန်းမာစေတဲ့ lactoferrin လို့ခေါ်တဲ့ ပရိုတင်း တစ်မျိုးပါ။
ဒါတွေအပြင် မိခင်နို့မှာ ကလေးတွေအတွက် အကျိုးပြုတဲ့
အင်ဇိုင်းတွေ
ပဋိဇီဝပစ္စည်းတွေ
ဟော်မုန်းတွေ ……. သိုင်းရွိုက်ဟော်မုန်းတွေ၊ ကြီးထွားဟော်မုန်းတွေ
ဗီတာမင်တွေ …… ဗီတာမင် A၊ ဗီတာမင် D၊ ဗီတာမင် E၊ ဗီတာမင် K၊ ဗီတာမင် C၊ riboflavin၊ နီကာဆင် နဲ့ pantothenic acid တို့လိုမျိုး ကလေးလေးတွေ ကျန်းမာစေဖို့ လိုအပ်တဲ့ ဗီတာမင်တွေ
သတ္တုဓာတ်တွေ ………….. သံဓာတ်၊ ဇင့်၊ ကယ်လ်ဆီယမ်၊ ဆိုဒီယမ်၊ ကလိုရိုက်၊ မဂ္ဂနီဆီယမ်၊ ဆီလီနီယမ်တို့လိုမျိုး ကလေးလေးတွေ ကျန်းမာစေဖို့ လိုအပ်တဲ့ သတ္တုဓာတ် ပါဝင်နေပါတယ်။ ဒီလို ပါဝင်သမျှ အာဟာရတိုင်းက ကလေးတွေရဲ့ ကျန်းမာရေး၊ ကြီးထွားမှု၊ ကိုယ်ခံအားနဲ့ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေဖို့ အကောင်းဆုံး ထောက်ကူပေးနေပါတယ်။
မိခင်နို့က ကလေးတွေကိုတင် ကျန်းမာစေတာ ကြီးထွားစေတာ မဟုတ်ပါဘူး။ မိခင်နို့ တိုက်ကျွေးတဲ့ မေမေတွေကိုလည်း ကျန်းမာစေပါတယ်။ ဘယ်လို ကျန်းမာစေတာလဲ ဆိုတော့ ကလေးလေးကို မိခင်နို့ တိုက်ပေးတာက ကလေးနဲ့ မိခင်ကြား သံယောဇဉ် တိုးစေနိုင်သလို မေမေ့ကို
- ရင်သားကင်ဆာ
- သားအိမ်ကင်ဆာ
- နှလုံးသွေးကြောရောဂါ
- အမျိုးအစား -၂ ဆီးချို
- သွေးတိုး
- အရိုးပွတာနဲ့
- ကလေးမွေးဖွားပြီးနောက် စိတ်ကျရောဂါခံစားရတာတွေ မဖြစ်အောင်ပါ ကာကွယ်ပေးနိုင်တာပါ။
ရေးသားသူ - မွန်မွန်